Thet Wai
Myanmar PLG Travels & Tours Co., Ltd.

Company Location: Myanmar


Q: လုပ်ငန်းခွင်ထဲမှာ ဘယ်လိုတာဝန်တွေကို လုပ်ရပါသလဲရှင်။

A: ဧည့်သည်ရဲ့ ခရီးသွားလာရေးမှာ လွယ်ကူ အဆင်ပြေအောင် စီစဉ်ဆောင်ရွက် ပေးရပါတယ်။


Q: လုပ်ငန်း အတွေ့ကြုံများကို အကြမ်းဖျဉ်း ပြောပြပေးပါလားရှင်။

A: လုပ်ငန်းအတွေ့ကြုံ အနေနဲ့ပြောရရင် အသစ်အသစ်သော အတွေ့အကြုံများစွာ ရရှိခဲ့ပါသည်။ ဟိုတယ်တွေနဲ့ အဆင်မပြေဖြစ်တာ၊ အလွန်အင်မတန်မှ ရစ်တတ်တဲ့ ဧည့်သည်နဲ့ တွေ့တာမျိုးလေးတွေ ရှိခဲ့တာမျိုးပါ။


Q: အခုအလုပ်မှာမှ မဟုတ်ပဲ လုပ်ဖူးတဲ့အလုပ်တွေထဲမှာ လုပ်ငန်းခွင်ထဲမှာ ကြုံရတဲ့ အခက်ခဲလေးတွေ ရှိခဲ့ဖူးတာရှိရင် နမူနာ အနည်းငယ် နှင့် အဲဒါတွေကို ဘယ်လို ဖြတ်ကျော်ခဲ့တယ် ပြောပြပေးပါလားရှင်။

A: ပထမဆုံးနဲ့ အမှတ်အရဆုံး အတွေ့အကြုံ ကတော့ လေဆိပ်မှာ ပထမဆုံးအကြိမ် ဧည့်သည်သွားကြိုတုန်းက လေယာဉ် Delayဖြစ်ပြီး နောက်ကျခြင်းပဲ ဖြစ်ပါတယ်။ တော်တော် နောက်ကျတာပါ။ ညဥ့်နက်တဲ့အထိ နောက်ကျတာပါ အိမ်ပြန်လည်း နောက်ကျခဲ့ပါတယ်။ ပထမဆုံး အကြိမ်ဖြစ်တော့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး။ ဧည့်သည် ပါလာမှ ပါလာပါ့မလားပေါ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လောက်အောင်ပါပဲ။ အဲဒီတုန်းကဆို အခုလိုမျိုး ဆက်သွယ်ရေးတွေက အဆင်ပြေသေးတာ မဟုတ်ဘူးလေ။ အဲဒီတုန်းက ချမ်းကလည်းချမ်း အကျီကလည်း လက်ပြတ်နဲ့ဆိုတော့ ပိုဆိုးတာပေါ့။ လေယာဉ်ဆိုက်ပြီး ကိုယ့်ဧည့်သည် ပါလာပြီဆိုမှပဲ စိတ်အေးတော့တယ်။ လေယာဉ်မဆိုက်ခင် အထိကို ရင်တုန်ခြင်းများစွာနဲ့ ဖြတ်သန်းခဲ့ရတာပါ။


Q: အလုပ်ခုမှ စလုပ်မဲ့လူငယ်တွေကို အလုပ်လုပ်ရာမှာ ကျင့်သုံးသင့်တဲ့ အလေ့ထ အမူကျင့်လေးတွေကို ကိုယ်ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ပြောပြပေးပါလားရှင်။

A: မြန်မာစကားမှာရှိပါတယ်။ ဖြတ်ခနဲပေါ် ဆတ်ခနဲ လုပ်။ ကိုယ်လုပ်ရမဲ့အလုပ်၊ ကိုယ်နဲ့ကိုက်တဲ့လုပ်၊ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ဖြစ်မယ်ဆိုလို့ကတော့ အချိန်မဆွဲပဲ မဆိုင်းမတွ လုပ်ပါလို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ဂျပန်လူမျိုးတွေ ကျင့်သုံးသလိုမျိုး ကုမ္ပဏီထဲမှာ ဝန်ထမ်းအချင်းချင်း အထက်အောက် ဆက်ဆံရေးမှာ အသိပေး၊ အကြောင်းကြား၊ ဆွေးနွေးတိုင်ပင် ပုံစံမျိုးလေးတွေ ကျင့်သုံးသွားနိုင်ရင် ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ရရှိနိုင်မှာဖြစ်သလို အောင်မြင်မှုတွေလည်း အဆင့်ဆင့် မြင့်တက်နိုင်မှာ မလွဲမသွေပါပဲ။


Q: လုပ်ငန်း အတွေ့ကြုံတွေထဲမှာ အမှတ်တရအဖြစ်ဆုံး အဖြစ်ပျက်ကလေးများရှိရင် ပြောပြပေးပါရှင်။

A: အမှတ်တရ အဖြစ်ဆုံးကလေ အလုပ် စလုပ်ကာစတုန်းက ဧည့်သည် တစ်ယောက်ကို မြို့ပတ်ရထား လိုက်ပြ စီးပေးဖူးတာလေးပါ။ အဲဒီဧည့်သည်နဲ့ ရထားလိုက်စီးတုန်းက အသွားတုန်းကတော့ စီးတဲ့လူတွေ အများကြီးနဲ့ပေါ့။ ဒါပေမဲ့ အပြန်ကျတော့ ရထားတွဲပေါ်မှာ သူနဲ့ကိုယ်နဲ့ ၂ယောက်တည်းရယ်။ အဲဒီမှာ သူက ရထားပေါ်မှာတင် မျက်လှည့်ပြတာလေ။ တော်တော်လေး မိုက်တယ်။ ပညာပါတယ်လို့ ပြောရမယ်။ ကြိုတင် ပြင်ဆင်ထားတာမျိုးလည်း မဟုတ်ဘူး။ ဧည့်သည်က ပျော်တတ်တာလည်း ပါတယ်။ အဲဒါလေးတော့ အမှတ်တရရှိခဲ့ဖူးတယ်။


Q: လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ ကြိုးစားရတာတွေ နှင့်အတူ မိသားစု အရေးမှာလည်း ဟန်ချက်ညီဖို့ ကြိုးစားရတာတွေနှင့် ပတ်သက်ပြီး အခက်ခဲလေးတွေ၊ ဖြေရှင်းပုံ နည်းလမ်းအချို့ကို ပြောပြပေးပါလားရှင်။

A: အရင်က အနေအထားနဲ့ဆို တစ်ယောက်တည်း ရုန်းကန်လာတာ ဆိုတော့ မိသားစုအရေးနဲ့ ပတ်သက်တဲ့ အခက်အခဲမျိုးတော့ မရှိခဲ့ပါဘူး။


Q: မြန်မာပြည်မှာ အလုပ်ခဏခဏ ပြောင်းတာတွေအပေါ် ဘယ်လိုမြင်ပါလဲ။ ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။

A: ကျွန်တော်က အလုပ်ပြောင်းတာမျိုး မရှိခဲ့ဘူးတော့ သိပ်တော့ မသိဘူးပေါ့နော်။ အလုပ် ခဏခဏပြောင်းတယ် ဆိုတာကလည်း ဘယ်ဝန်ထမ်းပဲ ဖြစ်ဖြစ်ပါ။ အလုပ်ရှင်နဲ့ပဲ ဖြစ်စေ၊ ဝန်ထမ်းအချင်းချင်း နဲ့ပဲဖြစ်စေ၊ အဆင်မပြေ ဖြစ်လာတဲ့အခါမျိုးတို့၊ အလုပ်လုပ်ရပြီး လစာ မတိုးပေးတာမျိုးတို့စတဲ့ အခြေအနေမျိုးတွေမှာ အလုပ် ပြောင်းတတ်ကြတာပါပဲ။ အခုအချိန်ဟာ အစစအရာရာ ဈေးကြီးနေတော့ အဆင်ပြေရာ ရေကြည်ရာ မြက်နုရာ လုပ်ကြရတဲ့ သဘောမှာ ရှိပါတယ်။ အကောင်းဆုံးကတော့ အစကတည်းက အလုပ်ရှင်ဘက်ကလည်း ဝန်ထမ်းအတွက် ကြည့်ပေးသင့်သလို ဝန်ထမ်းဘက်ကလည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသင့်တယ် လို့ ယူဆမိပါတယ်။


Q: ခုကစပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ပြင်ဆင်နေတဲ့လူငယ်တွေကို ဘယ်လိုမျိုးတွေ ပြင်ဆင်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

A: အခုခတ် လူငယ်တွေ ကံကောင်းပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိတယ်။ ကိုယ်တွေတုန်းကဆို အလုပ်တခုရဖို့ဟာ တော်တော် မလွယ်တာပါ။ ခုကစပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေ အနေနဲ့ကတော့ ကိုယ်လုပ်မဲ့အလုပ်ကို ယုံကြည်ချက်ရှိရှိနဲ့ လုပ်ပါလို့။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ယုံကြည်ချက်ဟာ အရေးအကြီးဆုံးပါ။ ယုံကြည်ချက် မရှိရင် ဘာလုပ်လုပ် အဆင်မပြေနိုင်ပါဘူး။ နောက်ပြီး ကိုယ်လုပ်မဲ့ အလုပ်ဟာ ကျွမ်းကျင်ဖို့ လိုပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ရင် သက်ဆိုင်တဲ့ ဘာသာစကား၊ ITနဲ့ပတ်သက်ရင် သက်ဆိုင်တဲ့ ဗဟုသုတ စတာတွေ ကျွမ်းကျင်အောင် ကြိုတင် လေ့လာထားပါ။ ဒါမှ ကိုယ်လုပ်ရမဲ့ အလုပ်ဟာ ပိုမိုထိရောက်ပြီး ကိုယ်ရဲ့ အရည်အချင်းဟာလည်း ပိုမိုတိုးတက်လာမှာပါ။


Q: အင်တာဗျူးဝင်မယ့် လူငယ်တွေကို ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးပေးပါလားရှင်

A: အင်တာဗျူးဝင်မယ် ဆိုရင်လေ အဝတ်အစားက အစ စကားပြောတာက အဆုံး သတိထား ဆင်ခြင်ရပါတယ်။ ကုမ္ပဏီကြီးလေ ပိုသတိထားရလေပါပဲ။ မျက်နှာကို တတ်နိုင်သမျှ ပြုံးနိုင်အောင် ကြိုးစားပါ။ အမြဲတမ်း ပြုံးနိုင်က အကောင်းဆုံးပါပဲ။ ကိုယ်နဲ့သက်ဆိုင်တဲ့ အလုပ်နဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ဗဟုသုတ ရှိပါစေ။ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားပါ။ ထိုင်ခုံမှာထိုင်တဲ့ အခါဘယ်တော့မှ ခွင့်မတောင်းပဲ မထိုင်မိပါစေနဲ့။ အဲဒါ အရမ်း အရေးကြီးပါတယ်။ မရှင်းတာရှိရင် ပြန်မေးပါ။ သိသလိုလို မလုပ်မိပါစေနဲ့။


Q: မြန်မာပြည်သို့ နိုင်ငံခြားလုပ်ငန်းတွေ များစွာ ၀င်ရောက် ရင်းနှီးမြှုပ်နှံလာတာ တွေ့ရသလို မြန်မာပြည်ကို ပြန်လာသူလိုသူတွေကို ဘယ်လို အကြံပေးချင်ပါသလဲ။

A: ကောင်းမွန်တဲ့ အရင်းအနှီးရှိရင် ရင်းနှီးမြှုပ်နှံပါလို့ ပြောချင်ပါတယ်။


Q: ပညာသင်ကြားခဲ့စဉ် အချိန်တွေမှာ အခက်ခဲတွေရှိခဲ့ဖူးရင် ယင်းအခက်ခဲတွေနှင့် ဘယ်လို ကျော်လွှားခဲ့ရသလဲ ဆိုတာ ပြောပြပေးပါလားရှင်။

A: ထွေထွေထူးထူးမရှိပါ။


Q: လူငယ်တွေ ပညာသင်ကြားရေးနှင့် ပတ်သက်ပြီး အကြံပြုချင်တာလေးများရှိရင် ပြောပြပေးပါလားရှင်။

A: အခုခေတ်က အပြင်မှာဖြစ်စေ အင်တာနက်မှာဖြစ်စေ ဘာမဆို သင်ယူနိုင်တဲ့ခတ်ပါ။ ဒီခေတ်ကြီးထဲမှာ ''အ''သုံးလုံးမှ မတတ်ရင် လူရာမဝင်တဲ့ခေတ် လို့တောင် ပြောရမလားပဲ။ ''အ''သုံးလုံးဆိုတာက အင်တာနက်၊ အိုင်တီနဲ့ အင်္ဂလိပ်စာကို ပြောတာပါ။ ကိုယ်စိတ်ပါရာ ဝါသနာပါရာ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခုကို တတ်ကျွမ်းသည်အထိ သင်ယူကြစေချင်ပါတယ်။


ယခုကဲ့သို့အတွေ့အကြုံဗဟုသုတများကို မျှဝေဖြေကြားပေးခြင်းအတွက် Dream Job Myanmar မှ ကျေးဇူးအထူးတင်ရှိပါသည်။


Dream Job Myanmar တွင် လက်ရှိအလုပ်ခေါ်လျှက်ရှိသော ခရီးသွား ကုမ္ပဏီများဧ။် အလုပ်ကြော်ငြာများ

ဤနေရာတွင်ကြည့်ပါ။

27 Positions on 21th, July, 2014


Date of Birth: 10/05/1979

Nationality: Myanmar

Education: ●B.A(Japanese),MUFL(Mandalay University of Foreign Language) ●B.A(Dip. in Korean),YUFL(Yangon University of Foreign Language) ●A.G.T.I(Electrical Power)

Career: Manager : Myanmar PLG Travel & Tours Co., Ltd.