Htar Htar Myint
Diplomatic Language Service

Company Location: America

Q: လက်ရှိအလုပ်လုပ်နေသောကုမ္ပဏီအမည် အမျိုးအစား နဲ့ ရာထူးကိုပြောပြပေးပါရှင်။

A: Diplomatic Language Service ပါ ၀ါရှင်တန်ဒီစီကနေ တံတားဘဲ ကူးရတယ် ဗာဂျီးနီးယား ပြည်နယ် အာလင်တန် ဒေသမှာပါ။ အလုပ်ကတော့ မြန်မာဘာသာ နည်းပြပါ။ ကျောင်းရဲ့ အင်တာနက် စာမျက်နှာလည်း အင်တာနက်မှာ အလွယ်တကူ ရှာလို့ ရပါတယ်။


Q: လုပ်ငန်းခွင်ထဲမှာ ဘယ်လိုတာဝန်တွေကိုလုပ်ရပါသလဲရှင်။ လုပ်ငန်းအတွေ့ကြုံများကို အကြမ်းဖျဉ်း ပြောပြ ပေးပါလားရှင်။

A: မြန်မာဘာသာ သင်ပေးပါတယ်။ များသောအားဖြင့် အမေရိကန် အစိုးရဌာနက ၀န်ထမ်းတွေပါ။


Q: အခုအလုပ်မှာမှမဟုတ်ပဲ လုပ်ဖူးတဲ့အလုပ်တွေထဲမှာ လုပ်ငန်းခွင်ထဲမှာကြုံရတဲ့ အခက်ခဲလေးတွေ ရှိခဲ့ဖူးတာရှိရင် နမူနာအနည်းငယ်နှင့် အဲဒါတွေကို ဘယ်လိုဖြတ်ကျော်ခဲ့တယ် ဆိုတာ ပြောပြပေးပါလားရှင်။

A:အလုပ်မှန်သမျှ ကိုယ်သဘောကျတဲ့ အလုပ်မို့ အခက်အခဲ မရှိပါဘူး။ မရှိအောင်လို့ ကိုယ်ကြိုက်တဲ့ အလုပ်ကိုဘဲ ကိုယ်လုပ်ပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရရင် အပင်ပန်းလဲ ခံနိုင်တယ်လေ။ မောတယ်လဲ မထင်ဘူး။


Q: ဒီနေရာမှာ ခုမှ အလုပ်စလုပ်မဲ့လူငယ်တွေကို အလုပ်လုပ်ရာမှာ ကျင့်သုံးသင့်တဲ့အလေ့အထ အမူကျင့်လေးတွေကို ကိုယ်ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည် ပြီးပြောပြပေးပါလားရှင်။

A: အဓိကကတော့ အတွေ့အကြုံ ရှိသူတွေဆီက လေ့လာသင်ယူပါ။ အတတ်နိုင်ဆုံး အလုပ်ခွင်မှာ ကိုယ်ရေးကိုယ်တာနဲ့  ပြသာနာ မဖြစ်အောင် ကြိုးစားပါ။ တွေ့ကြုံဖူးသမျှ အလုပ်ခွင်မှာက အလုပ်ကြောင့်ထက် လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေရင် ပိုစိတ်ပင်ပန်းဖို့ ကောင်းပါတယ်။အဲဒီ့တော့ ကိုယ်ကလဲ အလျှော့ပေးပြီး ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေရပါမယ်။ အထူးသဖြင့် ပညာတတ်တွေ များတဲ့ ပတ်ဝန်းကျင်မှာ ယဉ်ယဉ်ကျေးကျေး ရှိဖို့ ဒေါသမကြီးဖို့ အပြူအမူ အ၀တ်အစားကအစ ထိန်းသိမ်း နေရပါမယ်။ ကျမဆိုရင် အ၀တ်အစားကို သိပ်မ၀တ် မစားတတ်ဘူး။ ဒါပေမဲ့ ကျမအလုပ်အရ သေသေသပ်သပ် ၀တ်စားဖို့ လိုတယ်။ အဲဒါကြောင့် အကျင့်ကို ပြောင်းပြီး သေသပ်စွာ ၀တ်စားတတ်အောင် လုပ်ပါတယ်။ ပြီးတော့ အမေရိကမှာ ဆိုရင် အချိန်နဲ့ ကတိပါ။ အရေးကြီးပါတယ်။ နောက်ကျရင် အထင်သေးပါတယ်။ ပြီးတော့ ကတိပါ။ တခုခု ကိုယ့်ကျောင်းသားကို ကတိပေးထားရင် အတတ်နိုင်ဆုံး ကတိတည်အောင်လုပ်ပါတယ်။


Q: တဆက်တည်း လုပ်ငန်းအတွေ့ကြုံတွေထဲမှာ အမှတ်တရအဖြစ်ဆုံး အဖြစ်ပျက်ကလေးများ ရှိရင်ပြောပြပေးပါရှင်။ ဥပမာ။ ။ စိတ်ကျေနပ်မှုအရှိဆုံးလုပ်ခဲ့တဲ့ မှတ်မှတ်ထင်ထင် စိတ်ထဲကျန်ရစ်ခဲ့တဲ့အလုပ်မျိုး။

A: စာမေးပွဲ စစ်တာပါ။ ပထမဆုံးပါဘဲ။ ကျောင်းသားတွေကို မြန်မာစာ ကျွမ်းကျင်မှု စစ်ရသူအဖြစ် တာဝန်ယူ လုပ်ရပါတယ်။ တနာရီကို ဒေါ်လာ တရာလောက် ပေးပါတယ်။ ဒါပေမဲ့ ပထမဆုံး အကြိမ်မှာဘဲ သပ်သပ်ရပ်ရပ် လုပ်နိုင်ခဲ့ပါတယ်။


Q: (အိမ်ထောင်သို့မိသားစုရှိလျှင်) လုပ်ငန်းခွင်မှာအောင်မြင်ဖို့ ကြိုးစားရတာတွေနှင့်အတူ မိသားစုအရေးမှာလည်း ဟန်ချက်ညီဖို့ ကြိုးစားရတာတွေနှင့် ပတ်သက်ပြီး အခက်ခဲလေးတွေ၊ ဖြေရှင်းပုံနည်းလမ်းအချို့ကို ပြောပြပေးပါလားရှင်။

A: အလုပ်မှာ အလုပ်ကိစ္စ တွေးသလို၊ အိမ်ရောက်တာနဲ့လည်း မိသားစုနဲ့  အချိန်ဖြုန်းပါတယ်။ တတ်နိုင်သလောက် အားလုံးကို ကိုယ်ဘယ်လောက် သူတို့ကို ဂရုစိုက်သလဲ ဆိုတာ ပြပါတယ်။ ပထမတော့ သူတို့တွေ ပျော်တာလေးတွေ လိုက်လုပ်ပေးတယ်။ သူတို့ တွေ ပျော်တဲ့ အခါ ကိုယ်လဲ ပျော်သွားတာဘဲ။


Q: မြန်မာပြည်မှာ အလုပ်ခဏခဏ ပြောင်းတာတွေအပေါ် ဘယ်လိုမြင်ပါလဲ။ ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။

A: အလုပ်ကတော့ လိုအပ်ရင် အခွင့်အလမ်း တွေ့ရင် ပြောင်းရမှာဘဲ။ ဒါပေမဲ့ အနည်းဆုံး အလုပ်တခုကို အတွေ့ အကြုံလို့ ကိုယ်ရေးရာဇ၀င်မှာ ရေးနိုင်ဖို့  နှစ်နှစ်တော့ လုပ်ရမယ်။ အလုပ်တခုဆီမှာ သုံးလလောက်ဘဲ လုပ်နေရင်တော့ ဒါ မတည်ငြိမ်တာဘဲ။ အတွေ့ အကြုံရှိတယ် မသတ်မှတ် ဘူးလေ။


Q: ခုကစပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ပြင်ဆင်နေတဲ့လူငယ်တွေကို ဘယ်လိုမျိုးတွေ ပြင်ဆင်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

A: အဓိကက ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ ငါက ဘယ်လိုလဲ၊ ဘာမျိုးမှာ တော်သလဲ၊ ဘာမျိုးမှာ ၀ါသနာပါလဲ၊ ဘယ်မှာ ညံ့သလဲပေါ့။ ကိုယ်တော်တာ စိတ်ဝင်စားတာ ကျွမ်းကျင်မှ လုပ်ပါ။ သူများ အောင်မြင်တိုင်း ကိုယ် လိုက်လုပ်စရာ မလိုဘူး။ ကိုယ် ၀ါသနာ ပါတယ်၊ စိတ်ဝင်စားတယ် ဆိုတာကိုမှ အကောင်းဆုံး ဖြစ်အောင် လေ့လာ သင်ယူပါ။


Q: အင်တာဗျူးဝင်မယ့် လူငယ်တွေကို ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးပေးပါလားရှင်။

A: အဓိကက ယုံကြည်မှုဘဲ။ ရှက်နေ ကြောက်စရာ မလိုဘူး။ တခုတော့ရှိတယ်။ ယုံကြည်မှု ဆိုတာကလဲ ကိုယ့်က တခုခုကို ပိုင်ပိုင်နိုင်နိုင် သိထားမှသာ ယုံကြည်မှု ရှိတာလေ။ ကိုယ့် မျက်နှာပေါ်က ဒီအရာကို ပိုင်နိုင်တယ်လို့ အလုပ်ခန့်သူက မြင်စေဖို့ အရေးကြီးတယ်။


Q: မြန်မာပြည်သို့ နိုင်ငံခြားလုပ်ငန်းတွေများစွာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာတာ တွေ့ရသလို မြန်မာပြည်ကို ပြန်လာသူလိုသူတွေကို ဘယ်လိုအကြံပေးချင်ပါသလဲ။

A: မြန်မာပြည်မှာ ပြန်လုပ်ရင်တော့ မြန်မာ စရိုက်ကိုလည်း နားလည်ရမယ်။ နိုင်ငံခြားမှာလို အရာရာက ပုံသေ မရှိဘူးလေ။ ကိုယ် အီးမေးလ် ပို့လည်း သူတို့ ပြန်ချင်မှ ပြန်မယ်၊ ဒေသအထာတွေ ရှိတယ်၊ အဲဒါတွေကိုလည်း နားလည်ရမယ်။ စိတ်ရှည်ရှည်နဲ့  ပူးပေါင်း ဆောင်ရွက်ချင်စိတ် ရှိမှဘဲ ရမယ်။ ငါက နိုင်ငံခြားမှာ လုပ်လာတာ နင်တို့ ဘာသိလဲဆိုတဲ့ အထာနဲ့ မရဘူး ကိုယ်က သူတို့ နဲ့  လက်တွဲလုပ်နိုင်တယ်။ သူတို့  အခက်အခဲကို နားလည်တယ် ဆိုတာမျိုး ပြရမယ်။


Q: ပညာသင်ကြားခဲ့စဉ်အချိန်တွေမှာ အခက်ခဲတွေရှိခဲ့ဖူးရင် ယင်းအခက်ခဲတွေနှင့် ဘယ်လိုကျော်လွှားခဲ့ရသလဲဆိုတာ ပြောပြပေးပါလားရှင်။ မက စကော်လာတွေလည်းရခဲ့ဖူးတာမို့ လူငယ်တွေ ဗဟုသုတ၇အောင် ဘယ်လို ကြိုးစားခဲ့လဲ ပြောပြပေးပါလားရှင်

A: အဓိကကတော့ ကိုယ့်အလုပ်ကို ပိုင်အောင်လည်း လုပ်။ အင်္ဂလိပ်စာကိုဘဲ ကြိုးစား လုပ်တာပါဘဲ။ စကောလာ ရဖို့ အတွက် လုပ်နေတဲ့ အလုပ်တခု ရှိရမယ်။ ပြီးတော့ သတ်မှတ်ထားတဲ့  အင်္ဂလိပ်စာ အရည်အချင်း ရှိရမယ်။ ပြီးတော့ နိုင်ငံတကာနဲ့ ဘယ်လို ဆက်သွယ်မယ် ဆိုတာ သိရမယ်။


Q: လူငယ်တွေပညာသင်ကြားရေးနှင့် ပတ်သက်ပြီး အကြံပြုချင်တာလေးများရှိရင် ပြောပြပေးပါလားရှင်။

A: ကိုယ် စိတ်ဝင်စားတာ ၀ါသနာပါတာ ကိုဘဲ သင်ပါ။


Q: နိုင်ငံရပ်ခြားမှာ ကိုယ်ထူးကိုယ်ချွန်နိုငဖို့ လိုအပ်တယ်လို့ ထင်တာလေးတွေ ပြောပြပေးပါလားရှင်။

A: အဓိကကတော့ ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ့် ကိုယ်ကိုယ် အမှီအခို ကင်းအောင် ကြိုးစားတာဘဲ။ အလုပ်ဆိုလည်း ကိုယ့်ဘာသာ ကိုယ်ရှာမယ်။ လေ့လာမယ်။ လိုအပ်တဲ့။ အရည်အချင်းတွေ ရအောင် လုပ်မယ်။


Q: နိုင်ငံခြားသားတွေနှင့် တွဲလုပ်တဲ့အခါ ဖြစ်လေ့ရှိတဲ့ အခက်အခဲလေးတွေ ပြောပြပေးပါလား။

A: တခါတလေ သိပ်အားနာစရာ မလိုပါဘူး။ သူတို့ ကလဲ သူတို့ဖြစ်ချင်တာ ပြောသလို၊ ကိုယ်ကလဲ ကိုယ်ဖြစ်ချင်တာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။


Q: လက်ကိုင်ထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဝေမျှပေးပါလား။

A:ကတိတည်ပါ။ တခုခု ပြောထားပြီးရင် ဖြစ်အောင် လုပ်ပါ။ ကတိ မတည်ရင် ကိုယ့်အပေါ် ယုံကြည်မှုလဲ မရှိတော့ဘူး။ အဲဒိတော့ ဘာမှ လုပ်လို့  မရတော့ဘူး။


Q: ဘာသာစကားနှင့် ပတ်သက်ပြီးကြုံရတဲ့ အခက်ခဲလေးတွေရှိရင် ပြောပြပေးပါလား။ ဘယ်လိုဖြေရှင်းပါသလဲရှင်

A: အခက်အခဲ မရှိပါဘူး။ ရောက်စက ဗန်းစကားအချို့ နားမလည်တာဘဲ ရှိပါတယ်။


Q: အခြားပေးချင်တဲ့Messageလေးတွေရှိရင်ပြောပြပေးပါလားရှင်

A: ၀ါသနာ ပါတာကိုဘဲ လုပ်ကြပါ။


ယခုကဲ့သို့အတွေ့အကြုံဗဟုသုတများကို မျှဝေဖြေကြားပေးခြင်းအတွက် Dream Job Myanmar မှ ကျေးဇူးအထူးတင်ရှိပါသည်။


Dream Job Myanmar တွင် လက်ရှိအလုပ်ခေါ်လျှက်ရှိသော နိုင်ငံခြား ကုမ္ပဏီများဧ။် အလုပ်ကြော်ငြာများ

159 Positions on 12th, July, 2014

ဤနေရာတွင်ကြည့်ပါ။


Nationality: Myanmar

Education: Not Shown

Career: Burmese Language Instructor, USA