Myint Ko
APB Alliance Brewery Company Limited (Part of The Heineken Company)

Company Type: Joint Venture of Alliance Brewery Company Limited (Myanmar) and Heineken Beer

Career History:

  • Sales Representative at IBTC Group of Companies

  • Cashier at IBTC Group of Companies

  • HR Coordinator (Training & Development) at IBTC Group of Companies

  • Assistant HR Manager at APB Alliance Brewery Company Limited


Q: လက်ရှိအလုပ်လုပ်နေသောကုမ္ပဏီအမည် အမျိုးအစားနဲ့ရာထူးကိုပြောပြပေးပါရှင်။

A: ဟုတ်ကဲ့၊ APB Alliance Brewery Company Limited မှာ Assistant HR Manager တာဝန်ကို ထမ်းဆောင်နေတာပါ ခင်ဗျာ။ မြန်မာနိုင်ငံက Alliance Brewery Company Limited နဲ့ Heineken Beer တို့ပူးပေါင်းတည်ထောင်ထားတဲ့ Joint Venture Company တစ်ခုပါ။


Q: လုပ်ငန်းခွင်ထဲမှာ ဘယ်လိုတာဝန်တွေကိုလုပ်ရ ပါသလဲရှင်။ လုပ်ငန်းအတွေ့ကြုံများကို ပြောပြပေးပါလားရှင်။

A: ဟုတ်ကဲ့ ကုမ္ပဏီက အခုမှစပြီး set up လုပ်ထား တာဆိုတော့ Manager လည်းကိုယ်၊ Executive လည်းကိုယ်ပါဘဲ။ အဲ့ဒီတော့ Human Resources မှာ လုပ်ဆောင်ရမယ့် တာဝန်တွေ အကုန်လုံးကို သိမ်းကြုံးပီး တာဝန်ထမ်းဆောင်ရတာပါ။ ပြောရမယ်ဆိုရင်တော့ Organisation ရဲ့ Man Power Plan အရ ၀န်ထမ်းရွေးချယ်ခန့်ထားခြင်းတွေ၊ Organisation မှာ ကျင့်သုံးမယ့် Human Resources Practices & Policy ကိုလည်း develop လုပ်ရပါတယ် ခင်ဗျ။ နောက် အလုပ်ခန့်အပ်ခြင်း ကမ်းလှမ်းချက်တွေ ၊ အလုပ်ခန့်ထားခြင်း သဘောတူညီချက်တွေ၊ လက်ရှိခန့်ထားတဲ့ ၀န်ထမ်းတွေရဲ့ လစာ၊ Personal Income Tax နဲ့ လူမှုဖူလုံရေးကြေး ထည့်ဝင်တာတွေ၊ Uniform, Insurance, ၀န်ထမ်းအသစ်တွေ ရောက်လာတဲ့အခါ သူတို့လိုအပ်နိုင်တဲ့ အခြေခံလိုအပ်ချက် ကွန်ပျူတာ၊ E-mail, Name Card, Stationary အစရှိတဲ့ အခြေခံလိုအပ်တာလေးတွေ အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်ရပါတယ်ခင်ဗျ။


Q: လုပ်ခဲ့ဖူးတဲ့အလုပ်တွေထဲမှာ လုပ်ငန်းခွင်ထဲမှာကြုံရတဲ့ အခက်ခဲလေးတွေ ရှိခဲ့ဖူးတာရှိရင်ဘယ်လို ဖြတ်ကျော်ခဲ့တယ် ဆိုတာ ပြောပြပေးပါလားရှင်။

A: ဟုတ်ကဲ့၊ လုပ်ဖူးတဲ့လုပ်ငန်းခွင်ထဲမှာ ကြုံ့ရတဲ့အခက်အခဲကတော့ လူမှုဆက်ဆံရေးပါဘဲ။ တော်တော်လေးကို အဆင်မပြေဖြစ်ခဲ့တာပါ။ ကျွန်တော့မှာလည်း အားနည်ချက် ရှိနိုင်ပါတယ်။ လူမှုဆက်ဆံရေး အဆင်မပြေလို့ ဆိုပီး ကိုယ်တာ့ဝန်ကို မေ့ထားလို့ မရဘူးလေ၊ ကိုယ်လုပ်စရာရှိတာ လုပ်တယ်။ လိုက်လျောညီထွေ ပြောစရာရှိတာပြော၊ လုပ်စရာတာဝန်ကို လုပ်တာပါဘဲ။ ဒါပေမယ့် Happy တော့ မဟုတ်ဘူးပေါ့။ အဲ့ဒီအဆင်မပြေမှုကဘဲ တွန်းအားတစ်ခု ဖြစ်စေပြီး ကျွန်တော့ကို ပြောင်းလဲစေခဲ့တယ်လို့ ထင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ခုချိန်မှာတော့ တကယ်ကိုကျေးဇူးတင်ရပါတယ်။


Q: ခုမှ အလုပ်စလုပ်မဲ့လူငယ်တွေကို အလုပ်လုပ်ရာမှာ ကျင့်သုံးသင့်တဲ့အလေ့အထ အမူကျင့်လေးတွေကို ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ပြောပြပေးပါလားရှင်။

A: အဓိကကတော့ ကိုယ်ဘာဝါသနာပါတာလဲ၊ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာဘာလဲ အရင်စဉ်းစားစေချင်ပါတယ်။ ဒီဘက်ခေတ်မှာက အခွင့်အရေးတွေ အများကြီး ရှိနေပါဘီ။ ကိုယ်က သေသေချာချာ ရွေးချယ်ဖို့ဘဲ လိုအပ်ပါတယ်။ ကျွန်တော်တို့ တုန်းကဆိုရင် ရွေးချယ်စရာ အများကြီး ရှိမနေပါဘူး။ အခုမှ အလုပ်စလုပ်မယ့် လူငယ်တွေက အများကြီး ကံကောင်းပါတယ်။ ကိုယ်ဘာလုပ်ချင်တာလဲ၊ ဘယ်လို လုပ်ရမလဲဆိုတာကို သိအောင် ကျွန်တော်တို့လို့ အချိန်အများကြီး ပေးစရာမလိုတော့ဘူး။ သင်တန်းတွေလည်း အများကြီး ရှိလာတယ်။ အခွင့်အရေးတွေလည်း အများကြီး ရှိလာပါဘီ။ ကျောင်းတက်ရင်း ၊ သင်တန်းတက်ရင်း ကိုယ်စိတ်ဝင်စားတာ၊ လုပ်ချင်တာကို သိလာနိုင်ပါတယ်။ ဘာအလုပ်ဘဲလုပ်လုပ်၊ လုပ်တော့မယ်လို့ ရည်ရွယ်ထားရင် ရွေးချယ်ထားရင် ဒီအလုပ်ကို ငါတကယ် စိတ်ဝင်စားတာလား ဆိုတာ အရင်ဆုံး ကိုယ့်ဘာသာကို ဆန်းစစ်စေချင်တယ်။ စိတ်မပါဘဲ အလုပ်တစ်ခုရပီးရော သဘောမျိုးနဲ့ ရွေးချယ်ခဲ့မယ်ဆိုရင် တကယ့်လုပ်ငန်းခွင်မှာ ကိုယ်ဘဲ ဒုက္ခရောက်မှာ။ အဆင်မပြေတာ၊ လုပ်ငန်းခွင် မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ နောက် အလုပ်ကို တစ်ခုပီးတစ်ခု ခဏခဏ မပြောင်းစေချင်ဘူး။ Career ကိုလည်း ခဏခဏ မပြောင်းစေချင်ပါဘူး။ ဒါတွေက ကိုယ့်ကိုဘဲ ထိခိုက်စေတာပါ။ CV တစ်စောင်ကြည့်လိုက်လို့ အလုပ်ခဏခဏ ပြောင်းထားတယ်၊ Career ပြောင်းထားတယ် ဆိုရင် ရွေးချယ်သူအနေနဲ့ စိတ်ဝင်စားမှု မရှိတော့ဘဲ ပယ်တဲ့အပုံထဲ ရောက်သွားနိုင်ပါတယ်။ ရွေးချယ်သူက သူလိုချင်တဲ့ CV အရေအတွက် (သို့မဟုတ်) အရည်အချင်းနဲ့ ကိုက်ညီတဲ့ CV ကိုမရတဲ့အခါမျိုးမှာမှ ပယ်တဲ့အပုံကို ပြန်ကြည့်ရင်တော့ ကံကောင်းစွာ ရွေးချယ်ခံရမယ့် အထဲတော့ ပါလာနိုင်ပါတယ်။ impression တော့ အများကြီး မရနိုင်တော့ဘူးပေါ့။ Interview မှာလည်း ထောက်ပြစရာတွေ အများကြီး ဖြစ်လာရော။ အဲ့ဒီတော့ တခြားသူတွေထက်စာရင် ကိုယ်က ခက်ခက်ခဲခဲမေးခွန်းတွေ ဖြေရတာပေါ့။


Q: လုပ်ငန်းခွင်မှာအောင်မြင်ဖို့နှင့်အတူ မိသားစုအရေးမှာလည်း ဟန်ချက်ညီဖို့ ကြိုးစားရတာတွေနှင့် ပတ်သက်ပြီး အခက်ခဲလေးတွေ၊ ဖြေရှင်းပုံနည်းလမ်းအချို့ကို ပြောပြပေးပါလားရှင်။

A: ဟုတ်ကဲ့။ အိမ်ထောင်သည်ဖြစ်စေ၊ လူပျိုလူလွတ်ဖြစ်စေ မိသားစုဆိုတာက ရှိနေမှာပါဘဲ။ မှန်ပါတယ်။ လုပ်ငန်းခွင်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေကြရတာပါ။ အရင်လို တာဝန်ကျေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒီလိုပါဘဲ မိသားစုဆိုတာကလည်း ပစ်ပယ်ထားလို့ မရပါဘူးခင်ဗျ။ ဒီတော့ အလုပ်မှာ အောင်မြင်ဖို့ အချိန်ပေး ကြိုးစားရသလို မိသားစုကိုလည်း အချိန်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော့ အိုက်ဒီယာကို ပြောပြကြည့်တာပါ။ အားလပ်ရက်လေးတွေ ရတယ်ဆိုရင် မိသားစုနဲ့အတူ ခရီးထွက်တာမျိုး၊ ကမ်းခြေသွားတာမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလိုဆိုရင် ကိုယ်လည်း လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေ ဖြေလျော့ရာ ရောက်သလို မိသားစုလည်း ပျော်ရွှင်စရာ အချိန်တွေ ပိုင်ဆိုင်နိုင်ပါတယ်။ နောက်တစ်ခုကတော့ အိမ်ကပြဿနာတွေ လုပ်ငန်းခွင်ကို သယ်မသွားမိဖို့နဲ့ လုပ်ငန်းခွင်က ပြဿနာတွေကို အိမ်ကို သယ်မသွားမိဖို့ ပါဘဲ။ အဲ့ဒါမျိုးတွေ လုပ်မိဘီဆိုရင်တော့ ကိုယ့်အတွက် အဆင်ပြေမယ့်နေရာ ရှိမှာ မဟုတ်တော့ဘူး။ လုပ်ငန်းခွင်မှာလည်း အဆင်မပြေ၊ အိမ်မှာလည်း အဆင်ပြေဖြစ်ကုန်ရော။


Q: မြန်မာပြည်မှာ အလုပ်ခဏခဏ ပြောင်းတာတွေအပေါ် ဘယ်လိုမြင်၊ ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲ။

A: အလုပ်ပြောင်းတယ်ဆိုတာက ရှိနိုင်ပါတယ်။ ပြောင်းမှာပါဘဲ။ တစ်ခုရှိတာက အဲ့ဒီလိုပြောင်းတယ်ဆိုရင် ခိုင်မာတဲ့ အကြောင်းပြချက်ရှိဖို့ လိုပါတယ်။ ကျွန်တော်က မန်နေဂျာဖြစ်ချင်တာ။ မန်နေဂျာမဖြစ်မချင်း အလုပ်တွေ အများကြီး ပြောင်းမယ် ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ ကျွန်တော့အတွေးကတော့ ကိုယ်ဘယ်လောက် လုပ်နိုင်သလဲ၊ ဘာတွေကို လုပ်နိုင်သလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။ ကိုယ့်မှာ လုပ်နိုင်တဲ့ quality တွေ quantity တွေ ရှိနေဘီ ဆိုရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေက ကိုယ့်ဆီကို ရောက်လာမှာပါဘဲ။ ကိုယ်က အကောင်းဆုံးကို ရွေးချယ်လိုက်ယုံပါဘဲ။ သေချာတာက ဘယ်အလုပ်မှာမှ အဆင်ပြေ ချောမွေ့တယ်ဆိုတာ မရှိပါဘူး။ အဆင်ပြေခြင်း အဆင်မပြေခြင်းဆိုတာ အနည်းနဲ့ အများ ရှိနေကြတာပါဘဲ။


Q: ခုကစပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ပြင်ဆင်နေတဲ့လူငယ်တွေကို ဘယ်လိုမျိုးတွေ ပြင်ဆင်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

A: ဟုတ်ကဲ့။ လုပ်ငန်းခွင်ထဲ ရောက်ပီဆိုရင် အားလုံးက တန်းတူရည်တူပါဘဲ။ ငါက အိမ်မှာ အငယ်ဆုံးမို့လို ဆိုးမယ်ဆိုတာမျိုး မရပါဘူး။ အားလုံးနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေဖို့ လိုအပ်ပါတယ်။ စကားအပြောအဆို၊ အနေအထိုင်၊ အ၀တ်အစားက အစ ဆင်ဆင်ခြင်ခြင် ရှိတာ အကောင်းဆုံးပါဘဲ။ အလုပ်လုပ်မယ်ရင် တာဝန်ရှိလာပါဘီ ။ ကိုယ့်တာဝန်ကို တာဝန်ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။


Q: အင်တာဗျူးဝင်မယ့် လူငယ်တွေကို ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးပေးပါလားရှင်။

A: အလုပ်တစ်ခု လျောက်တော့မယ်ဆိုရင် အလုပ်ခေါ် ကြေငြာကို သေသေချာချာဖတ်စေချင်ပါတယ်။ ကိုယ်လျောက်မယ့် position ရဲ့ responsibility ကို သေသေချာချာ ဖတ်စေချင်ပါတယ်။ ပီးမှ အသေချာဆုံးတစ်ခုကို လျောက်စေချင်ပါတယ်။ သင့်တော်မယ့် position ဆိုတာမျိုးဆိုပီး မလျောက်သင့်ပါဘူး။ အလုပ်လုပ်မယ့်သူ ကိုယ်တိုင် ဘယ်ရာထူးကတော့ ငါလုပ်နိုင်တယ်၊ လျောက်ထားမယ် ဆိုတာမျိုး ဆုံးဖြတ်ရမှာပါ။ နောက် လူတွေ့စစ်ဆေးဖို့ ခေါ်လို့သွားရင်လည်း မိဘက လိုက်ပို့တာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်အလုပ်ဘဲ လုပ်လုပ်ပါ။ လုပ်ငန်းခွင် ရောက်ပီဆိုရင် တာဝန်ဆိုတာ ရှိလာပါဘီ။ အင်တာဗျူးကို တောင် မိဘက လိုက်ပို့တဲ့သူကို ဘယ်လို တာဝန်ပေးမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါဘီ။ ဒါဟာ candidate အတွက် ကောင်းတဲ့လက္ခဏာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ အလုပ်အင်တာဗျူးကို မိဘကလိုက်ပို့တယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်ပါဘူး။ ဆိုလိုတာက မိဘက အင်တာဗျုးလာတာကို ထိုင်စောင့်ပေးနေတာမျိုးကို ဆိုလိုတာပါ။ နေရာမသိလို့ လိုက်ပို့ပီး ထားခဲ့တာမျိုးက တစ်မျိုးပါ။ အင်တာဗျုး ချိန်းထားတဲ့အချိန်ကိုလည်း အတိအကျ ရောက်စေချင်ပါတယ်။ စောရင်(သို့မဟုတ်) နောက်ကျရင် (၅) မိနစ်လောက်ဘဲ ဖြစ်သင့်တယ်။ အချိန်အစောကြီး ရောက်နေတာမျိုး၊ အရမ်းနောက်ကျပီး ရောက်လာတာမျိုးတွေကို ရှောင်စေချင်ပါတယ်။ အင်တာဗျူးတဲ့သူက ကိုယ့်ထက်ငယ်တဲ့သူလည်းဖြစ်နိုင်တယ်၊ ကြီးတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် စကားပြောရင် လေးလေးစားစား ပြောဆိုဆက်ဆံစေချင်ပါတယ်။ တချို့က မထီမဲ့မြင်ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။ နောက် အင်တာဗျုးတယ်ဆိုတာ ၁ နာရီ (သို့) ၁ နာရီခွဲဆိုတဲ့ အချိန်ထက် မပိုပါဘူး။ ဒီအချိန်လေးအတွင်းမှာ အင်တာဗျူးတဲ့သူက ကိုယ့်ကို impress ဖြစ်အောင် ပြောဆို နေထိုင်နိုင်ရပါမယ်။ နောက် မေးတဲ့မေးခွန်းကို မသိရင် သေချာအောင် ပြန်မေးပြီးးမှသာ ဖြေသင့်ပါတယ်။ ပြန်မေးတယ် ဆိုတာလည်း (၂) ကြိမ်ထက် မပိုသင့်ပါဘူး။ (၂) ကြိမ်ထက် ပိုနေဘီဆိုရင်တော့ အင်တာဗျူးသူက မေးခွန်းကို ကျော်သွားပါလိမ့်မယ်။ ဖြေရင်လည်း တိကျတာမျိုးကိုဘဲ ဖြေစေချင်တယ်။ ဝေ့၀ိုက်နေတာမျိုးက လိုရင်းကို မရောက်စေလို့ အင်တာဗျုးမှာ အဆင်မပြေနိုင်ပါဘူး။ ဥပမာ ဘယ် position ကို လျောက်ထားချင်ပါသလဲလို့ မေးတဲ့အခါ Account Manager Position ကို နည်းနည်း စိတ်ဝင်စားပါတယ်လို့  ဖြေတာမျိုးပါ။ တကယ်မှာတော့ Account Manager Position ကိုလျောက်ထားချင်ပါတယ်။ ကျွန်တော့မှာ ဒီလို working experience တွေ ရှိပါတယ် ဆိုတာမျိုး ရှင်းရှင်းလင်းလင်း တင်ပြစေချင်တာပါ။


Q: မြန်မာပြည်သို့ နိုင်ငံခြားလုပ်ငန်းတွေများစွာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာတာ တွေ့ရသလို မြန်မာပြည်ကို ပြန်လာသူလိုသူတွေကို ဘယ်လိုအကြံပေးချင်ပါသလဲ။

A: ဒီမေးခွန်းကို ဖြေဖို့က နည်းနည်း ခက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေကိုလည်း အထင်ကြီး လေးစားမိပါတယ်။ ရေခြား မြေခြားမှာ ဘာသာစကား မတူတဲ့သူတွေနဲ့ အလုပ်လုပ်နိုင်တာ တကယ်တော်တဲ့ အရည်အချင်းတစ်ခုပါဘဲ။ တစ်ခုပါဘဲ၊ ကျွန်တော်သိတဲ့ Knowledge လေးတစ်ခုကို share ချင်တာပါ။ ဘယ်နိုင်ငံမှာဘဲ အလုပ်လုပ်ပီး ပြန်လာပါစေ၊ မြန်မာပြည် ရောက်လာရင်တော့ မြန်မာနိုင်ငံက culture, law and benefit တွေအတိုင်းဘဲ ခံစားရမှာပါ။ ဥပမာ စင်္ကာပူနိုင်ငံက အလုပ် တော်တော်များများမှာ လစာကို (၁၃) လစာပေးလေ့ရှိကြပါတယ်။ ပြက္ခဒိန်နှစ် တစ်နှစ်ကုန်ရင် ဒီဇင်ဘာလ ပတ်ဝန်းကျင်လောက်မှာ (၂) လစာပေးတတ်ပါတယ်။ ဒါက Singapore practice ပါ။ စင်္ကာပူမှာ ပေးလို့ မြန်မာပြည်မှာ ပေးရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါမျိုးလေးတွေကို ပြောချင်တာပါ။ ဒါကလည်း သက်ဆိုင်ရာ company တွေရဲ့ practice နဲ့လည်း ဆိုင်ပါတယ်။ ဆုကြေးငွေဆိုတာ ၀န်ထမ်းရဲ့ ရပိုင်ခွင့်မဟုတ်သလိုမျိုးပါဘဲ။ နောက် မြန်မာအချင်းချင်းဘဲ မလိုအပ်ဘဲ English လိုပြောဆိုတာမျိုးတွေပါ။ ကျွန်တော်နားလည်တဲ့ communication ဆိုတာက သူပြောတာ ကိုယ်နားလည်ရမယ်၊ ကိုယ်ဆိုလိုတာကို သူသဘောပေါက်ဖို့ က အဓိကလို့ဘဲ ထင်ပါတယ်။


Q: ပညာသင်ကြားခဲ့စဉ် အချိန်တွေမှာ အခက်ခဲတွေရှိခဲ့ဖူးရင် ဘယ်လိုကျော်လွှားခဲ့ရသလဲဆိုတာ ပြောပြပေးပါလားရှင်

A: အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့ရတာဆိုတော့ အဓိကက စာမကျက်ခြင်တာပါဘဲ။ အလုပ်က ပင်ပန်းတာက တစ်ကြောင်း၊ တာဝန်တွေ လုပ်ဆောင်စရာတွေကြောင့် စိတ်ရှုပ်ရတာကတစ်ကြောင်း စာကြည့်ဖို့ အာရုံစိုက်ရာမှာ အခက်အခဲရှိပါတယ်။ ဒါပေမယ့်လည်း အခုမှ မလုပ်ရင်လည်း နောင်ဆက်လုပ်နေရမှာပါလား ဆိုတာမျိုးနဲ့ လုပ်လိုက်တော့လည်း ပီးသွားတာပါဘဲ။ အဓိကကတော့ စိတ်တင်းထားဖို့ လိုပါတယ်။ ပျော်စရာရှိရင် အကုန်ပျော်ပစ်လိုက်။ လုပ်စရာ ရှိလာရင်လည်း လုပ်ပြစ်လိုက်တယ်။ Result ကိုတော့ မပြောပြလိုပါဘူး ခင်ဗျာ။ အောင်တယ်ဆို တော်လောက်ပြီနဲ့ ကျော်ဖြတ်ခဲ့တာပါ။ ဟားဟဟ


Q: လူငယ်တွေပညာသင်ကြားရေးနှင့် ပတ်သက်ပြီး အကြံပြုချင်တာလေးများရှိရင် ပြောပြပေးပါလားရှင်။

A: ခုခေတ်က learning society ပါ။ ဘယ်အချိန်မှာဖြစ်ဖြစ်၊ ဘာအကြောင်းဘဲ ဖြစ်ဖြစ် လေ့လာသင်ယူနေဖို့ လိုပါတယ်။ အတန်းပညာမှ မဟုတ်ပါဘူး။ ဘယ်ပညာရပ်မဆို လေ့လာ သင်ယူထားတယ် ဆိုတာ မမှားပါဘူး။


Q: နိုင်ငံခြားသားတွေနှင့် တွဲလုပ်တဲ့အခါ ဖြစ်လေ့ရှိတဲ့ အခက်အခဲလေးတွေ ပြောပြပေးပါလား။

A: နိုင်ငံခြားသားနဲ့မှ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့အခါ ဘယ်သူနဲ့ဘဲ လုပ်လုပ် အခက်အခဲလေးတွေ ဆိုတာ ရှိကြတာပါဘဲ။ ကိုယ့်အနေနဲ့ ဒီအခက်အခဲကို ဘယ်လို ရင်ဆိုင်မလဲ၊ ဘယ်လို ကျော်လွှားမလဲဆိုတာ သေချာပြင်ဆင် စဉ်းစားသင့်ပါတယ်။ အကြောင်းအရာကတော့ အမျိုးမျိုး ရှိုနိုင်တယ်လေ။ နိုင်ငံခြားသားမို့လို့ ကောင်းတယ်၊ ဆိုးတယ်လို့လည်း မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူအမျိုးမျိုး စိတ်အထွေထွေ မို့လို့ပါ။ အားနည်းချက် အားသာချက်လေးတွေ ရှိကြမှာပါဘဲ။ ကျွန်တော် ကိုယ်တိုင်လည်း အားနည်းချက်တွေ ရှိနေပါတယ်။


Q: လက်ကိုင်ထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဝေမျှပေးပါလား။

A: ခင်ခင်မင်မင်နေပါ။ မရောနှောပါစေနဲ့ ဆိုတဲ့စကားကို သဘောတူ လက်ခံပါတယ်ခင်ဗျ။ တကယ်တော့ ဒီစကားက လုပ်ငန်းခွင်က လူတွေတင် မဟုတ်ပါဘူး။ မိသားစ၊ု သူငယ်ချင်းအပေါင်းအသင်း ကြားမှာပါ ကျင့်သုံးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။


Q: ဘာသာစကားနှင့် ပတ်သက်ပြီးကြုံရတဲ့ အခက်ခဲလေးတွေရှိရင် ပြောပြပေးပါလား။

A: ဘာသာစကားကတော့ ကျွန်တော့အတွက် challenging တွေထဲက တစ်ခုပါဘဲဗျာ။ အင်း..အခက်အခဲကတော့ Speaking Skill ပါ။ တော်တော်လေး စိတ်ရှုပ်ခဲ့ရပါတယ်။ အခုတော့လည်း တော်တော်လည်းအဆင်ပြေလာပါတယ်။ အပြောမဖြစ်၊ မလုပ်လို့လည်းမရတော့ အတင်းဇွတ်ကို မဖြစ်၊ ဖြစ်အောင် ပြောရ ၊လုပ်ရတယ်။ ကိုယ်တိုင်ကလည်း လေ့လာ မှတ်သားရတာပေါ့။ မသိတာ နားမလည်တာတွေကိုလည်း ပြန်မေး၊ ပြန်ပြောရင်းနဲ့ အဆင်ပြေလာတာဗျ။ အဓိကကတော့ ကိုယ်မသိတဲ့ ဘာသာစကားပြောတဲ့အခါမှာ မှားနေရင်တောင် မရှက်ဘဲနဲ့ ရဲရဲ ပြောဆိုဖို့ပါ။ သူတို့က ပြင်ပေးရင်လည်း လက်ခံလိုက်ဖို့ပါဘဲ။ ဒါဆိုရင်တော့ ပိုကောင်းလာမှာပါ။


APB Alliance Brewery Company Limited (Part of The Heineken Company)မှ လက်ရှိ ခေါ်ယူလျှက်ရှိသော အလုပ်များမှာ ဤနေရာတွင် ကြည့်ရှုပါ။


ယခုကဲ့သို့ ဖြေကြား မျှဝေပေးခြင်းအတွက် Dream Job Myanmar မှ ကျေးဇူး အထူးတင်ရှိပါတယ်ရှင်


Date of Birth: 06/05/1980

Nationality: Myanmar

Education: ဥပဒေပညာ(ဘွဲ့) (အဝေးသင်)

Career: Assistant HR Manager